၊
ဘဝဟူသည် များစွာသော တန်ချိန် ပမာဏကြီးမားသည့် တာဝန်နှင့် ဝတ္တရာတို့ပင်တည်း။ အမေရိကန်စာရေးဆရာတစ်ယောက်ကပြောတာပါ။ဘဝဆိုတာဘာလဲ။ လူတိုင်းလည်းသိချင်ကြတယ်။ လူတိုင်းလည်း စဉ်းစားမိကြမယ်ထင်ပါတယ်။ ပညာရှင်တွေအဆက်ဆက် အတွေးအခေါ်သမားတွေ ခေတ်အဆက်ဆက် အဓိပ္ပါယ်ဖွင့်ဆိုကြတာတွေလည်း အများကြီးရှိပါတယ်။ တစ်ချို့ကတော့ပြော ကြတယ် ဘဝဆိုတာ ဘနဲ့ဝနဲ့ပေါင်းထားတာတဲ့။ ဒါလည်း ဟုတ်တာပါပဲ။ သူငယ်ချင်းတစ်ယောက် ညည်းတာကြားဖူးခဲ့ပါတယ်။ “ဘဝ မို့သာပေါ့ကွာ ဘပိန်ဆိုမလွယ်ဘူးတဲ့”။ သူက ဘယ်လိုတွေးမိလို့ပြောတာလည်းတော့အတိ အကျမသိပေမဲ့ သူပြောချင်တာကို ရေးတေးတေးတော့ သဘောပေါက်မိသလိုပါ ပဲ။ ကျွန်တော်လည်း စဉ်းစားမိပါတယ်။ ဘဝဆိုတာ ဘာလဲပေါ့။ အချို့ကြတော့ ဘဝဆိုတာ တိုက်ပွဲတဲ့။ အမြဲမပြတ်လှုပ်ရှားရုန်းကန်နေကြရတာတဲ့။ ဟုတ်မှာပါ လေ။ ဖတ်မိသမျှစာအုပ်တွေထဲ မှာတွေ့ရင်လည်း မှတ်ထားမိတာပါပဲ။ အခါသင့် ရင် ပြန်စဉ်းစားကြည့်တာပေါ့။ အခုထိတော့ ဘာမှန်းရေရေးရာရာ ကိုမသိသေး ပါဘူး။ တချို့ကြတော့လည်း အင်္ဂလိပ်လို အဓိပ္ပါယ်ဖွင့်ပြကြတယ်။ ဘဝဆိုတာ B ဆိုတဲ့စကားလုံး (Birth ) မွေးဖွားခြင်း နဲ့ D ဆိုတဲ့စကားလုံး (Death) သေဆုံး ခြင်းနဲ့ကြားက C ဆိုတဲ့စကားလုံး (Choice ) ရွေးချယ်ခြင်းပါပဲတဲ့။ ဘဝမှာ ပြု လုပ်နေသမျှသောအရာတိုင်းက ရွေးချယ်ခြင်းလုပ်နေကြ၇တာပါပဲတဲ့။ အဲလို ဆိုတော့လည်း ဟုတ်သလိုလိုပါပဲနော်။ ဆရာကိုတာကတော့ သူ့စာအုပ်ထဲမှာ ဒီလိုပြောပြထားပြန်တယ်။ ဘဝဆိုတာ ဂျက်ဖရီဖော့ ဖြေနေရတဲ့စာစစ်ပွဲလိုပါ ပဲတဲ့။ သူ့စာအုပ်ထဲအလိုအရ ဂျက်ဖရီဖော့ရဲ့ဆရာက စာစစ်ပွဲမှာ ဂျက်ဖရီဖော့ ကို ဘာမှန်းမသိတဲ့ငှက်တကောင်ရဲ့ ခြေထောက်ကလေးကိုပဲဖော်ထားပြီး ကျန် တဲ့တကိုယ်လုံး လုံ အောင်ထုပ်ထားတဲ့အထုပ်တစ်ခုကို ဖြည်မကြည့်စေပဲ ပေါ် နေတဲ့ ခြေထောက်ကလေးပဲကြည့်ကာ ဘာငှက်လဲ ဘာအမျိုးအစားလဲ ဘာအ ရောင်လဲ အသံဘယ်လိုမြည်သလဲ ဘယ်လိုနေထိုင်ကြသလဲ အစရှိတာတွေကို ဖြေခိုင်းတာပါ။ ဆိုလိုတာကတော့ ဘဝဆိုတာ ပေးထားချက်ကလေး အနည်း ငယ် သို့မဟုတ် သိထား သမျှလေးအနည်းငယ်နဲ့ မသိခြင်းတွေကို မှန်းဆလုပ် ကိုင်နေရခြင်းဟာ ဘဝပါလို့ ပြောခြင်ဟန်တူပါရဲ။ ရှိတ်စပီးယားကတော့ ဘဝ ဆိုတာကို ဇာတ်ခုံကြီးတစ်ခုနဲ့တင်စားတယ်လို့ မှတ်သားဖူးပါတယ်။ စရိုက်အ မျိုးမျိုး အခြေအနေအမျိုးမျိုး လူအမျိုးမျိုးနဲ့ အချိန်ဆိုတာကို ဖြတ်သန်းရင်း အသုံးတော်ခံကြရတာကို ဆိုလေမလား မသိပါဘူး။ ရရှစာရေးဆရာကြီး လီယိုတော်စတွိုင်းလ် ရဲ့ဖွင့်ဆိုချက်ကလည်း ဒီလိုပါတဲ့။ သူကတော့ ဘဝဆိုတာ ကိုယ်လုပ်ဆောင်ခဲ့သမျှအကြောင်း အကျိုးတရားတွေ( reason)ရဲ့ ရလာဒ်ပါပဲ တဲ့။ ဒီတော့ဘဝဆိုတာကို လူအမျိုး မျိုးက ရှုထောင့်အမျိုးမျိုးကနေကြည့်ပြီး အဓိပ္ပါယ်ဖော်ကြတာပါပဲ။ ဘယ်သူမှပြည့်စုံတယ်မှန်ကန်တယ်လို့လဲ ပြောလို့ မရဘူးထင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်ကမင်းသားတစ်ပါးအကြောင်းဖတ်ဖူး ရပါတယ်။ သူ့က မင်းသားတစ်ပါးပေမဲ့ အပျော်အပါးသာလိုက်စားပြီး ဆိုးသွမ်း နေတော့ သူ့အဖေဘုရင်ကြီးကနောက်ဆုံး သတ်မိန့် ပေးရတဲ့အဆင့်ကို ရောက် ပါတယ်။ နောက်ဆုံး အသတ်မခံရခင်သူပြောခဲ့တဲ့စကား (အတိအကျမဟုတ်ပါ -ဆိုလိုရင်းသာရေးထားတာပါ) “လောကီအာရုံကာမဂုဏ်မှာ သားတော်ပျော် ပျော်ကြီးနေခဲ့ပြီးပြီမို့ လံကဓေါ လောကဓံအရ သေခြင်းကို ရင်ဆိုင်ဖို့အသင့်ပါ ပဲ” ဆိုတဲ့ စကားမျိုး ကိုပြောပြီး သေဒဏ်ကိုကျေကျေနပ်နပ်ကြီးခံယူခဲ့ ပါသတဲ့။ ဒီမင်းသားနေရာ ကနေ စဉ်းစားကြည့်ရင်တော့ သူက ဘဝဆိုတာ လောကီအာ ရုံကာမဂုဏ်ကို ပျော်ပျော်ကြီးခံစားတာ လို့ပဲ မှတ်ယူရမလိုပါပဲ။ တခါကတော့ ဘဝဆိုတာကို သရုပ်ဖော်ထားတဲ့ ကာတွန်းလေးတစ်ခုတွေ့ ဘူးတယ်။ သဘောကျလို့မှတ်မိ တာလေးပါ။ ကာတွန်းလေးထဲမှာ လူတစ်ယောက်က အောက်ခြေမှာ မိချောင်း တွေ ပြည့်နေပြီး အလွန်တရာနက်ရှိုင်းလှတဲ့ ချောက်ကမ်းပါးကြီးပေါ်ကနေ ပြုတ်အကျ လမ်းခုလတ်မှာ သစ်ကိုင်းတစ်ခုကို ဖမ်းဆွဲထားတဲ့ပုံလေးပါ။ သူဖမ်းဆွဲထားတဲ့သစ်ကိုင်းလေးကိုလည်း ကြွက်ဖြူနဲ့ကြွက်မည်းနှစ်ကောင်က (နေ့နဲ့ည ဆိုတဲ့အချိန်) တလှည့်စီကိုက်ဖြတ်နေကြပါတယ်။ တချိန်ထဲမှာပဲ ဒီလူဟာလက်တဖက်က သစ်ကိုင်းကိုဆွဲထားရင်း နောက်လက်တဖက်က သစ်ကိုင်းစွန်းမှာရှိတဲ့ ပျားအုံကနေ တစက်စက်ကျနေတဲ့ ပျားရည်စက်တွေကို (လောကီအာရုံကာမဂုဏ်) မက်မောစွာနဲ့ ရယူစားသုံးနေပါတယ်။ ဒါဟာ ဘဝ ပါပဲတဲ့။ လောကီအာရုံကာမဂုဏ်တွေကိုပဲမက်မောစွာသုံးဆောင်ဖို့ကြိုးစားရင်း အချိန်တွေရဲ့တိုက်စားမှု ကြောင့် ဘဝတွေကုန်ဆုံးသွားရတယ်လို့ဆိုလိုချင်တာ ထင်ပါတယ်။ ဒီလိုနဲ့ ဘဝဆိုတာကို စဉ်းစားရင်း ကိစ္စတခုကိုသွားသတိရပါ တယ်။ အဲဒါကတော့ တခါကဧည့်ခံပွဲတစ်ခုမှာ နာမည်ကျော်သိပ္ပံပညာရှင်ကြီး အိုင်စတိုင်းကို အချောအလှပဂေးမင်းသမီးတစ်ယောက်က “ရှင်နဲ့ကျွန်မများ ပေါင်းဖက်လိုက်ရရင် ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးနဲ့ ရုပ်ရည်ရူပကာ အချောဆုံးကလေးတွေ ရလာမှာပဲလို့ပြောလိုက်တဲ့အခါ” အိုင်စတိုင်းက “ငါ့လိုရုပ်ဆိုးဆိုး နဲ့ မင်းလို ဉာဏ်တုံးတုံးကလေးတွေမွေးလာရင်ကော” လို့ ပြန်မေးလိုက်ပါသတဲ့။ဒီလိုပဲပေါ့ ဘဝဆိုတာ ကိုယ်မျော်လင့်မထားတာတွေ မဖြစ်ချင်တာတွေလည်းဖြစ်တတ်ပါလားလို့ စဉ်းစားမိသွားတာပါ။ ထို့အတူပါပဲ ဘဝဆိုတာကို အဆိုတော်လေးဖြူကတော့ သီချင်းလေးနဲ့ပြောပြပါတယ် “----ဘဝဆိုတာ------မရေရာ---------” တဲ့ ။ မိတ်ဆွေတို့လည်း ဘဝဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်ပါသလဲပေါ့။
စိန်မျိုးလွင်
Comments