ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ ကာတွန်းစာအုပ်လေးများဆိုင်ကငှားလာခဲ့ရင် လူမသိတဲ့ချောင်တခုသွားပြီး ဘယ်သူမှမသိအောင်ဖတ်ပါတယ်။ သမိန်ပေါသွပ် ရှင်ဂွမ်းဂွိ နဲ့ သူမအဖေ မြို့စားကြီးတို့အကြောင်းဆိုရင်လဲကြိုက် တာပါပဲ။ တခါတော့ သမိန်ပေါသွပ်က ရှင်ဂွမ်းဂွိနဲ့ညားပြီး သူမိန်းမနဲ့အတူ မြို့စားကြီးအိမ်မှာလိုက်နေပါသတဲ့။ မြို့ စားကြီးကလည်း သူ့သားမက်အသစ်စက်စက်ကလေးကို လူကဲခတ်တာပေါ့လေ။ ဒါပေမဲ့ ရက်တွေသာကြာလာ တယ် သမိန်ပေါသွပ်က သူ့မေးစေ့ကိုပွတ်ပြီး ထိုင်စဉ်းစားနေတာကလွဲရင် ဘာမှမလုပ်ဘူးတဲ့။ မြို့စားကြီးကတော့ ထင်တာပေါ့လေ သူ့သားမက်ဟာ အလွန်လေးနက်တဲ့ပြသနာတရပ်ကို အဖြေထုတ်ဖို့စဉ်းစားနေတာပဲ ဖြစ်ရမယ် ဆိုပြီးတော့ပေါ့။ ဒီလိုနဲ့ရက်ကြာလာပြီး မြို့စားကြီးကမနေနိူင်တော့လို့ သမိန်ပေါသွပ်ကို မေးပါတော့တယ်။ ငါ့ရွှေသမက်လေးရေ သင့်မှာအလွန်တရာလေးနက်တဲ့ ပြဿနာ တရပ်ကိုအဖြေထုတ်နေတာလားပေါ့။ သမိန်ပေါ သွပ်ကတော့ အေးအေးပဲပြန်ပြောပါတယ်။ ဟုတ်ပါတယ်တဲ့ သူဟာ အလွန်လေးနက်တဲ့ ပြဿနာတရပ်ကို စဉ်းစားနေတာပါတဲ့။ သူစဉ်းစားနေတဲ့ ပြဿနာက သူ့မေးစေ့မှာပေါက်နေတဲ့ မုတ်ဆိတ်မွှေးတွေဟာ ဆံပင်ရဲ့ အမြစ်လားလို့ စဉ်းစားနေတာပါတဲ့။ ဒီလိုပဲပေါ့လေ တခါတလေမှာ ကျွန်တော်တို့လည်း သမိန်ပေါသွပ်လို စဉ်းစားမိ နေတာမျိုးဖြစ်တတ်ပါတယ်။ လူ့လောကမှာ မိန်းမတွေမရှိရင် ဘာများ ဖြစ်သွားမလဲ။ ယောက်ျားတွေ မရှိပဲ မိန်းမတွေချည်းပဲ ရှိနေရင်ကော ဘာတွေဖြစ်မလဲဆိုတာမျိုး စဉ်းစားကြတာ တွေလိုပေါ့။ လူ့လောကပဲလေ ပြဿနာတွေရှိတာပေါ့ ။ စဉ်းစားဖို့လိုအပ်ရင် စဉ်းစားကြရမှာပါပဲ။ သို့သော် ပြဿနာမဟုတ်တာကို ပြဿနာမလုပ် မိဖို့တော့ လိုပါတယ်တဲ့။ ပြဿနာမဟုတ်တာကို ပြဿနာလုပ်နေရင် အကျိုးမရှိတဲ့အပြင် လူပင်ပန်း စိတ်ပင်ပန်း တွေဖြစ်ရတတ်ပါတယ်။ ပြဿနာတစ်ခုဟာ စစ်မှန်တဲ့ ပြဿနာဖြစ်နေရင်တော့ ရှောင်လွှဲလို့လဲရမှာမဟုတ်ဘူး ရင်ဆိုင်ဖြေရှင်းရမှာပါ။ ဒီနေရာမှာ တခုစဉ်းစားမိတာက ဘယ်ဟာက တကယ့်ပြဿနာလဲဆိုတာ သိဖို့ကိုက ပြဿနာဖြစ်လာတာပါပဲ။ ဆိုပါတော့ စမ်းသပ်ချက်တခုအရ ဖားတစ်ကောင်ကို ရေထဲကဆယ်ပြီး ပွက်ပွက်ဆူနေ တဲ့ရေနွေးအိုးထဲကိုထည့်ရင် ချက်ချင်း ခုန်ထွက်ဖို့ကြိုးစားပါသတဲ့။ ဒါပေမဲ့ ရေနွေးအိုးထဲကိုမထည့်ပဲ အေးနေတဲ့ရေ အိုးထဲကိုထည့် ပြီးမှ တဖြည်းဖြည်းနဲ့ အောက်ကနေအပူပေးရင်တော့ ဖားဟာခုန်ထွက်ဖို့မကြိုးစားပါဘူးတဲ့။ ပြောင်း လဲသွားတဲ့အခြေအနေတခုအပေါ် ကိုမူတည်ပြီး နေသားကျဖို့ကြိုးစားရင်း ဖားဟာ သူ့ရဲ့ပြဿနာကို မသိသလိုပါပဲ။ ကျွန်တော်တို့လည်း အခြေအနေအမျိုးမျိုး ရူထောင့်အမျိုးမျိုး အတွေးအခေါ်အမျိုးမျိုးကြားမှာ နေသားကျဖို့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားကြရင်း ဘယ်ဟာက အရေးထားဖြေရှင်းရမဲ့ ပြဿနာလဲဆိုတာကို မသိဘူးဖြစ်ကြ ရတယ်ထင်ပါတယ်။ကျွန်တော့်အတွက်ဆိုရင်တော့ ပြဿနာတစ်ခုဟာ တကယ့်ပြဿနာ ဟုတ် မဟုတ် မဆုံးဖြတ် နိူင်ခြင်းကိုက ပြဿနာဖြစ်နေတာပါပဲ။ တခါတလေတော့လဲ သမိန်ပေါသွပ်လို တခါတလေတော့လဲ ရေအိုးထဲက ဖားလေးလိုပါပဲ။ မိတ်ဆွေတို့ကော ဘယ်လိုလဲ။ ခေတ်စကားနဲ့ ပြောရရင်တော့ “ကျွန်တော်တို့သည် သမိန်ပေါသွပ် များသာ” လို့ပြောရမလားပေါ့။
စိန်မျိုးလွင်
Comments