ဘာရယ်မဟုတ်ဘူးရယ်


နေကလည်းပူလိုက်တာ။ လေပူတွေကလည်းတစ်ချက်တစ်ချက် တိုက်တယ်။ စိတ်ကူးကလည်း လေပူလိုပဲ ဟိုရောက်လိုက် ဒီရောက်လိုက်ပေါ့။ မောင်ဂေါင်းကြီးတစ်ယောက်ကတော့ သစ်ပင်ရိပ် တစ်ခုအောက်မှာ အင်္က࿿ျီကိုချွတ် ပုခုံးပေါ်တင် ပုဆိုးတိုတိုဝတ် ဆောင့်ကြောင့်ထိုင်ပြီး အပူဒဏ်နဲ့အပြိုင် သူ့ဦးဏှောက်ကို လေပွေစီးခိုင်းနေမိတယ်။ငွေ ……လောကမှာ ငွေအရေးကြီးတယ်။ ငွေရှိရင်ဘာမဆိုလုပ်လို့ရတယ်။ ငွေ ချမ်းသာအောင် ငါဘာလုပ်ရင်ကောင်းမလဲ။ အဖေ အမေဆီ အရင်းအနှီးတောင်းရအောင်ကလည်း သူတို့ကိုတောင် ကိုယ်က ပြန်ထောက်ပံ့နေရတယ်လေ။ မောင်ဂေါင်းကြီးတို့ မောင်နှမတစ်တွေကို ခေတ်ပညာ ဘွဲ့လေးတွေရအောင် မရှိတဲ့ ကြားကနေ ခက်ခက်ခဲခဲ ရုန်းကန်ပြီး ကျောင်းထားပေးခဲ့တာကိုပဲ ကျေးဇုးတင်နေရတယ်။ မောင်နှမတစ်တွေ ဆိုလို့ မောင်ဂေါင်းကြီးတို့က ညီအကို မောင်နှမ စုစုပေါင်း ငါးယောက်ရှိတယ်။ သူ့အပေါ်မှာ အကိုတစ်ယောက် အမတစ်ယောက်။ သူ့အောက်မှာ ညီလေးတစ်ယောက် ညီမလေး တစ်ယောက်။ အကြီးဆုံး အမကတော့ ကျောင်းက ငါးတန်းကျပြီး ထွက်လိုက်ရတယ်။ ဒီနေရာမှာ မောင်ဂေါင်းကြီးရဲ့ အဖေအမေ တို့ စဉ်းစားပုံလေး ပြောပြချင်တယ်။ သားသမီးတွေကိုလည်း သူတို့လို စာမတတ်သူတွေ မဖြစ်စေချင်လို့ လူနှိမ်မခံရစေချင်လို့ ကျောင်းထားချင်တယ် သူတို့ကလည်း စားရေးသောက်ရေးမှ အနိုင်နိုင်ဆိုတော့ ကလေးတွေ အားလုံးကိုစုပြီး မိသားစုစကားပြောကြတယ်။ အဖေတို့အမေတို့က ဆင်းရဲတယ် ငါ့သားသမီးတွေကို လည်း ကျောင်းထားချင်တယ်။ အဲဒီတော့ အကြွေးတွေ ထပ်တင်ချင်လည်းတင်ပါစေ မင်းတို့ကလည်းကြိုးစားကြ အဖေတို့ အမေတို့ကလည်း ကြိုးစားပြီးကျောင်းထားပေးမယ်။ ဒါပေမဲ့ အတန်းကျရင်တာ့ ကျတဲ့အတန်းကနေ ကျောင်းထွက်ရမယ် ဆိုပြီး မိသားစု တိုင်ပင်ပြီး နေထိုင်ကြတာ။ဒါကြောင့် အကြီးဆုံး အမကြီးက ငါးတန်းကျပြီး ကျောင်ထွက်ရတယ်။ အကိုကြီး ကတော့ အစကတည်းက ကျောင်းမနေချင်ဘူးဆိုပြီး လေးတန်းနဲ့ ကျောင်ထွက် မိဘအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင်ဆို ကားနောက်လိုက်လုပ်ရင်း ကားမှောက်လို့ ဆုံးသွားရတယ်။ မောင်ဂေါင်းကြီးကတော့ အဝေးသင် ဘွဲ့လေးတစ်ခုရပြီး INGO တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း အိမ်ထောင်ကျ သားလေးတစ်ယောက်ရနေပြီ။ သူ့၇ဲ့ညီ ကတော့ အစိုးရတပ်မတော်ထဲမှာ နည်းပညာဗိုလ်လောင်းသင်တန်းပြီးလို့ စစ်ဗိုလ်လုပ်နေပြီ။ အငယ်ဆုံးညီမလေးကတော့ နည်းပညာတက္ကသိုလ် တစ်ခုကနေ BE ဘွဲ့ရပြီး အခုတော့ ၇န်ကုန်က ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်နေလေရဲ့။အဖေအမေကလည်း အသက်ကလေးရလာပြီဆိုတော့ အလုပ်ကလည်း အရင်လိုမလုပ်နိုင် ကျန်းမာရေးကလည်း မကောင်းဖြစ်လာတယ်လေ။ မိသားစု ရပ်တည်ဖို့ အဖေအမေတို့အတွက် အိုစာနာစာ ဘာမှမရှိသေး ။ အကြွေးတောင် ကြိုးစားဆပ်နေရတာ ကြေမလို့ရှိသေးတယ်။ အဖေအမေတို့ကျန်းမာရေးအတွက် စဉ်းစားရပြီလေ။ ဒါကြောင့် မောင်ဂေါင်းကြီးတစ်ယောက် ဦးနှောက်မုန်တိုင်းဆင်နေတာ။ မိန်းမနဲ့သားလေး က မိန်းကလေး ဘက်က အဖေအမေတွေနဲ့နေတာဆိုတော့ တော်သေးတယ်။ အခုထိ မောင်ဂေါင်းကြီးတစ်ယောက် ထိုင်တွေးနေတုန်း ဘာအဖြေမှ ထွက်မလာသေးဘူးရယ်။ အခုအချိန်မှာတော့ မောင်ဂေါင်းကြီးတို့ ဒေသမှာ လျှော်ဖြူပင်တွေ စိုက်တာခေတ်စားနေတယ်။ သူလည်းလျှော်ဖြူစိုက်ရကောင်းမလား ။ဈေးကွက်က ခိုင်မာပါ့မလား။ တော်ကြာ ခွေးလှေးယားစေ့လို အဖျားရှူးသွားရင် ဒုက္ခ။ ကြယ်ပဲလို မျိုးစေ့ရောင်းပြီး ဈေးကွက်မှာ တစ်ကယ် ဝယ်သူရှားနေရင် ဘာမှမတတ်နိုင်ဘူးလေ။ ကိုယ်တိုင်လိုက်ဝယ် နိုင်ငံခြားကဝယ်လက်တွေနဲ့ ချိတ်ရအောင်ကလည်း အရင်းအနှီးကမရှိပြန်။ စဉ်းစားရင်း ကွမ်းတစ်ယာ ထုတ်ကာ ဝါးနေပြန်တယ်။အင်း ပြီးခဲ့တဲ့ အ၇င်တစ်လောကလည်း ဆိတ်ဈေးတွေကောင်းလို့ ဈေးကွက်ကောင်းမယ်ထင်ပြီး မရှိမဲ့ ရှိမဲ့ ငွေလေးနဲ့ ဆိတ်အုပ်ဝယ်ထောင်လိုက်တာ ဈေးကွက်ပျက်ပြီး ဝယ်မဲ့သူကမရှိ ကျောင်းမဲ့သူကလည်း ပြန်အပ်တော့ ဒုက္ခတွေ တော်တော်ရောက်။ နောက်ဆုံးတော့ ဝယ်မဲ့သူကို ခယပြီး အကြွေးထိုးရောင်းရတဲ့ အဖြစ်။ မရှိမဲ့ရှိမဲ့ အရင်းလေး ပြုတ်ပါလေရော။ ဆိတ်ပေါက်စလေးတွေ ၁၅ ကောင်လောက်ကို အလကားယူပါဆိုပြီး မနည်းပြောပေးလိုက်ရတယ်။ ဆိတ်ကလေးတွေ ယူထားလိုက်ပြန်ရင်လည်း သူတို့သားအမိချင်းတွေ ခွဲရာကျတော့မှာနဲ့ ဆက်ပြီး ဒုက္ခခံနေရမှာနဲ့ ယူပါပြောပြီး မနည်းပေးလိုက်ရတယ်။ ဒါတောင် ယူတဲ့သူက အင်တင်တင်ရယ်။ ဒါကြောင့် မောင်ဂေါင်းကြီးတစ်ယောက် မွေးမြူရေးဆို မလုပ်တော့ဘူးလို့တွေးထားတာ။တစ်ခါတစ်ခါတော့လည်း မောင်ဂေါင်ကြီးတစ်ယောက် စိတ်ဓါတ်အတော်ကြတယ်။ စိုက်ပျိုးရေး ဆိုပြန်တော့လည်း မိုးကမမှန်။ ရပြန်တော့လည်း ဈေးကမရှိ။ စားရိတ်ရှုံး။ ဒီတော့ လည်း လောကမှာကိုယ့်ထက်ဆိုးတဲ့သူတွေ အများကြီးပါပဲလို့တွေးပြီး စိတ်ကို တင်းရတယ်။ သြော် လူ့ဘဝဆိုတာ ဒါပါလားပေါ့။အပေါ်ကလူတွေကြည့် အားငယ်လိုက် အောက်ကလူတွေကြည့် အားတက်လိုက်။ တရားသဘောတွေပြေးမြင်လိုက်။ ပျော်ရွှင်မူတွေနဲ့ သာယာလိုက်။ ဝမ်းနည်းမူတွေနဲ့ စခန်းသွားလိုက်ပေါ့။မောင်ဂေါင်းကြီး……မောင်ဂေါင်းကြီး………မောင်ဂေါင်းကြီး……………..မောင်ဂေါင်းကြီး………………………..မောင်ဂေါင်းကြီး……….ဟင်………. သြော်အေးငါလာပြီ ညီမရေ အကိုအတွေးလွန်နေလို့ပါ………..လို့ပြောပြီး ထထွက်သွားပါတော့တယ်။ပုံတောက ငတိ။