ဘဝအတွေး

အသက် ၁၀ နှစ်မကျော်ခင်ကဆိုရင်လေ
၁၅ နှစ် ၁၆ နှစ် ၁၀တန်းကျောင်းသားလောက်အရမ်းဖြစ်ချင်တာ။ လွတ်လပ်စွာ သွားလာလှုပ်ရှားချင်တာ။
မင်းအသက်ဘယ်လောက်ရှိပြီလဲ လို့ လူကြီးတွေကမေးရင် ကျွန်တော် ၇ နှစ်ခွဲလေ နှောင်နှစ်
၃ တန်းတက်ရမှာ။ အသက်ကိုကြီးချင်တာ။ ၆ နှစ်စွန်းပြီဆို ၆ နှစ်ခွဲ ၇ နှစ် စွန်းပြီဆို
၇နှစ်ခွဲ ပြောရတာမောလို့။
၁၀ နှစ်ကျော်
၁၅ နှစ်လောက် မီးကောင်ပေါက်အရွယ် ရောက်ပြန်တော့လည်း ၂၀ ကျော် ဖြစ်ချင်ပြန်တာပဲဗျ။ ဆယ်တန်းလည်းအောင်ရော
……လားလား ……..ငါဆယ်တန်းအောင်ပြီကွ.. ၁၈နှစ်ကျော်ရင်လူကြီးဖြစ်ပြီဆိုပြီး ပျော်ခဲ့ရတာတွေ။
ဘာတွေပဲဖြစ်တော့မှာလိုလို ။ ရည်းစားတွေဘာတွေထားလို့ရပြီပေါ့…….တရားဝင်လေ…မိဘတွေက မင်းငယ်သေးတယ်
လာဆုံးမလည်း ကျွန်တော် မငယ်တော့ဘူး လူကြီးဖြစ်ပြီပြောရတာအမော……..
ဒီလိုနဲ့ အသက်
၂၀ ကျော်လာတော့လည်း လူကြီးဖြစ်ချင်တဲ့စိတ်က မကုန်သေးဘူးဗျ။ ရပ်ထဲရွာထဲမှာ လူရာဝင်ချင်လာတယ်။
သာရေးနာရေးဘာပဲလုပ်လုပ် လူကြီးတွေက မင်းကလေးပဲရှိပါသေးတယ် ပြောခံရတုန်းကိုး …………နေရာမပေးချင်ကြဘူးလေ။
လုပ်ငန်းခွင်ကျတော့လည်း
အတွေ့အကြုံကမရှိသေးတော့ လူရာမဝင်ပြန်ဘူး။ ဒီတော့ အင်း ………..အသက် ၃၀ ကျော်လောက် အတွေ့အကြုံရှိတဲ့
လူရည်လည်နေတဲ့အရွယ် ၃၀ ကျော် အရွယ်လောက်ဖြစ်ချင်ပြန်ရော။
အသက် ၃၀ ကျော်လာပြန်တော့
ဘဝကစပြောင်းလာပြီ။ တာဝန်ယူရမှုတွေရှိလာပြီ။ လူ့လော့ကအကြောင်းတွေ လည်း သိသင့်သလောက်တော့သိလာပြီ။
ပျော်စရာတွေအစား အလုပ်တွေက နေရာယူလာပြီ။ အနာဂတ်ဆိုတာကို စပြီး စဉ်းစားလာရပြီ။
၃၅ နှစ်လောက်ကျော်လာပြီ။
အိမ်ထောင်တွေဘာတွေကျလာတော့
ဘဝတစ်ခုဆိုတာကို စတင်တည်ဆောက်ဖို့ပြင်လာရတော့တာကိုး။ ကျွေးဟောင်းတွေဆပ် ကျွေးသစ်တွေချပေါ့။
ဒီအချိန်မှာတော့ အသက်ကို တခါတစ်လေ မှသတိရတော့တယ်။ ပျော်ရွှင်စရာတွေကနည်းသွားပြီး ဘဝကိုရုန်းကန်တည်ဆောက်ရင်း
အသက်တွေက ကုန်မှန်းမသိကုန်သွားတော့တာ။ အိမ်ထောင်မရှိတဲ့သူကြတော့လည်း အနာဂတ်ကိုဘယ်လိုဖြတ်သန်းရမလဲ
တွေးလာရပြီ။ ဒါပေမဲ့ ငယ်ငယ် ဘဝတွေကိုစပြီးလွမ်းတတ်လာပါပြီ။
၄၀ လည်းကျော်လာရော……..အိမ်ထောင်ဆိုတဲ့အသိုက်အမြုံကို
ပီပီပြင်ပြင်ခံစားလာရပြီ။ အများစုကတော့ ဒီအချိန်မှာ မိဘမေတ္တာကို နားလည်သဘောပေါက်လာကြပြီ။
အသစ်အဆန်းတွေကိုတမ်းတလာကြပြီ။ အိမ်ထောင်မရှိတဲ့သူကြတော့လည်း အရေးပေါ်အိမ်ထောင်ပြုချင်လာရော
။ အသက်ကို ငယ်ချင်လာတယ်။ အသက်ငယ်ငယ်လေးတွေနဲ့ သွားချင်လာချင် စားချင်သောက်ချင် ဖြစ်လာရော။
စိတ်လွတ်ကိုယ်လွတ်ဘဝကိုပြန်တမ်းတလာကြတယ်ပေါ့လေ။ အသက်ကိုအမှန်မပြောချင်ကြတော့ဘူး။ ပြန်ငယ်ချင်လာကြတယ်။
ဒါနဲ့ပဲ
၅၀ ကျော်သွားပါလေရော………
လာပါပြီ။ အိမ်ထောင်ရှိတဲ့သူတွေကြ
သားရေးသမီးရေးတွေနဲ့ ရှာရဖွေရ မနားရဘူးပေါ့လေ။ အိမ်ထောင်မရှိတဲ့သူတွေကြတော့လည်း အပူအပင်ပဲကင်းသလိုလိုနဲ့
ကျိတ်ဆွေးနေကြရတာပါပဲ။ ဒီအချိန်မှာ ဘဝကိုတစ်ခေါက်လောက်လှည့်ကြည့်မိကြပါပြီ။ အသက်တွေလည်း
ဘယ်လိုကုန်သွားမှန်းလည်း မသိလိုက်ကြပါဘူး။ ကုန်သွားတဲ့အချိန်တွေကို အရမ်းနှမြောကြ ……အချို့အပျိုကြီး
လူပျိုကြီးတွေဆို နောင်တရလို့မဆုံးပေါ့လေ။ အင်း……ငါဘယ်တုန်းက ဘယ်သူကိုလက်ခံလိုက်ရမှာ……..။အင်း
…..ငါဘယ်သူနဲ့ဘယ်လို အစရှိသဖြင့်ပေါ့။ နောင်တတွေရ……အသက်တွေကို ပြန်ရစ်လို့ရရင်ရစ်လိုက်ချင်ရဲ့။
ကဲ ၅၅ ကျော်သွားပြီ……..
ဒီအချိန်မှာ
ငယ်စဉ်ကနေ အခုချိန်ထိ ကိုယ်လျှောက်ခဲ့တဲ့လမ်း ကိုယ်လုပ်ခဲ့တဲ့ရလာဒ်တွေ စုပြုံခံစားရတဲ့အချိန်။
ကောင်းတာတွေရော မကောင်းတာတွေရာ လာပြီ။ ဘဝကို နှစ်ခါထပ်ပြီးကြိုးစားခွင့်မရှိဘူးဆိုတာကို
နားလည်သဘောပေါက်လာပြီ။ အဲလိုတွေမိလေလေ ပြန်ပြီးအသက်ငယ်ချင်စိတ်တွေဖြစ်လေလေပါပဲ။ ငါတို့ငယ်ငယ်တုန်း
က ဆိုတဲ့စကားလုံးလေးက ဒီအချိန်မှာ သူတို့အကြိုက်ဆုံးစကားလုံးပေါ့။
ဟင်…၆၀ ကျော်ပြီ
လူကအိုစပြုလာပြီ။
စိတ်သွားတိုင်းကိုယ်မပါတော့ပြီ။ အရာရာကိုအားမလိုအားမရတွေဖြစ်လာရပြီ။ ခေတ်နဲ့အဆက်အသွယ်ပြတ်စပြုလာပြီ။
အရာရာကို မလိုက်နိုင်တော့ပြီ။ လူငယ်တွေနဲ့ဆက်ဆံရေးကစ အမြင်တွေကွာလာပြီ။သားသမီးတွေနဲ့လည်း
အမြင်တွေမတူတော့ကတောက်ကဆတွေရှိလာပြီ။ အိမ်ထောင်မရှိသူတွေကျတော့လည်း လွတ်လပ်မှုရဲ့ဒုက္ခကို
ဒက်ဒက်ထိ မြည်းစမ်းခွင့်ရပြီလေ။ အသက်ဘယ်လောက်လဲမေးရင် ၆၀ ကျော်ယုံပဲ ရှိပါသေးတယ်ဖြစ်လာပြီ။
၇၀ လည်းကျော်သွားရော………..
လူက ကိုယ်ကိုကိုယ်
မယုံချင်တော့ဘူး။ အကူစလိုလာပြီ။ အရေးအရာတော်တော်များများမှာ နောက်ဆုတ်ပေးရမယ်ဆိုတာကို
လက်ခံလာ၇ပြီ။ စဉ်းစားချိန်တွေ အများကြီးပိုထွက်လာပြီ။ ဒါပေမဲ့ သူ့အသိဉာဏ်တွေကို အသုံးချဖို့အချိန်သိပ်မရတော့ဘူး။
အရာရာကို အားမရင်းနဲ့ အချိန်တွေကို ဖြတ်သန်းရတော့တယ်။ ကလေးတစ်ယောက်လိုပြန်ဖြစ်စပြုလာတယ်။
၈၀ ကျော်………
မိမိအရေးကိစ္စတွေကို
သူများအားကိုးနေရပြီ။ လူပိုတစ်ယောက်လိုဖြစ်လာပြီ။အသိဉာဏ်တွေလည်း ကျဆင်းကုန်ပြီ။ အသက်မေးလိုက်ရင်
သိမ်မသိတော့။ လုံးဝနီးပါး ကလေးပြန်ဖြစ်သွားပြီ။
အသက် ၉၀……….
ဘာကိုမှ မမှတ်မိချင်တော့။ ဘဝတွေတစ်ပတ်လည်သွားပြီ။
ဘဝမှာ သူကြိုးစားအားထုတ်ခဲ့တာတွေ၊ လွဲချော်ခဲ့တာတွေအားလုံးအတွက် သူမသိတော့ပြီ။ ကလေးတစ်ယောက်အနေနဲ့ဘဝကိုစတင်ခဲ့ပြီး
ကလေးတစ်ယောက်အခြေအနေနဲ့ပဲ ဘဝကို ကုန်ဆုံးရင်း နောက်ဆုံးတော့ …………
လေးစားလျှက်
စိန်မျိုးလွင်
Comments