ပျော်ရွှင်မှု




ပျော်ရွှင်မှုဆိုတာ…………..
စာနည်းနည်းရှည်သွားပါတယ်နော်။ စိတ်ရှည်ပြီးဆုံးအောင်ဖတ်ပေးကြပါ။
တစ်ခုခုတော့ရမှာပါ။
ဟိုးတချိန်တုန်းက လယ်တောတစ်ခုမှာ အခက်အရွက်နဲ့ပြည့်စုံတဲ့ သစ်ပင်ကြီးတစ်ပင်ရှိပါတယ်။ အကိုင်းအခက်နဲ့အရွက်အလက်တွေကအုပ်အုပ်ဆိုင်းဆိုင်းရှိပြီး သစ်ပင်ကြီးရဲ့အမြစ်တွေကလည်း မြေဆီလွှာထဲမှာ ပေပေါင်းများစွာ ထိုးဝင်ပြီး ခိုင်ခိုင်မာမာတည်ရှိနေတာပါ။ ဒါကြောင့် အဲဒီပတ်ဝန်းကျင်မှာတော့ သစ်ပင်ကြီးဟာ ထင်ရှား သိသာနေပါတော့တယ်။ ဒီတော့လည်း  သစ်ပင်ကြီးဟာ ကျေးငှက်သာရကာများစွာတို့နေထိုင်ရာ ဗိမ္မာန်ကြီးဖြစ်လာပါတယ်။ ငှက်ပေါင်းများစွာတို့ဟာ ဒီသစ်ပင်ကြီးပေါ်မှာပဲ အသိုက်ဆောက်ကြတယ်၊ ဉတွေဉကြတယ်၊ သားပေါက်ကြတယ်ပေါ့။ ဒါကြောင့် သစ်ပင်ကြီးက သူဟာ ငှက်ပေါင်းများစွာ ခြံရံပြီးသူ့ကိုမှီတင်းနေထိုင်နေကြတာကို သိပ်ပြီးဂုဏ်ယူပါသတဲ့။
လူတွေကလည်းသစ်ပင်ကြီးကိုသိပ်ပြီးကျေးဇူးတင်ကြတယ်။ လူတွေဟာ မကြာခဏပဲသစ်ပင်ကြီးအောက်ကိုလာရောက်ပြီး အနားယူကြ အပန်းဖြေလေ့ရှိကြပါသတဲ့။ သစ်ပင်ကြီးရဲ့အရိပ်အောက်မှာလာပြီး ပျောပွဲစားထွက်တာမျိုးတွေလည်း လုပ်လေ့ရှိကြပါတယ်။ သစ်ပင်ကြီးအောက်မှာလာရောက်နားခိုတဲ့လူတိုင်း “ဒီသစ်ပင်ကြီးဟာ သိပ်ကိုတန်ဖိုးကြီးမားတာပဲ”လို့ပြောလေ့ရှိကြပါသတဲ့။ သစ်ပင်ကြီးက ဒီစကားကိုကြားတိုင်း အရမ်းကို သူကိုယ်သူဂုဏ်ယူပါတယ်။ဒီလိုနဲ့ပဲ ရက်ကိုလစား၊ လကိုနှစ်စားပြီး အချိန်တွေကုန်သွားခဲ့ပါတယ်။
သစ်ပင်ကြီးဟာ တဖြည်းဖြည်း အိုလာပါတယ်။သစ်ရွက်တွေဟာ အရောင်ပြောင်းလာပြီး ကြွေကျကုန်ပါတယ်။ပင်စည်တွေ အကိုင်းအခက်တွေလည်း ရင့်ရော်လာပါတော့တယ်။သစ်ပင်ကြီးရဲ့ အရိပ်အနေကောင်းမှု၊ သာယာဖွယ်ကောင်းမှုတွေက တဖြည်းဖြည်းလွင့်ပါးပြက်ပြယ်လာပါတော့တယ်။ ကျေးငှက်သာရကာတွေကလည်း အရင်ကလိုလာရောက်ပြီးမှီတင်းနေထိုင်မှု နည်းလာပါတယ်။ လူတွေကလည်း သူ့အရိပ်အောက်မှာအရင်ကလို မလာရောက်ကြတော့ဘူးပေါ့။ သစ်ပင်ကြီးဟာ တဖြည်ဖြည်းခြောက်ကပ်လာပြီး ဘယ်သူမှ မလာရောက်ကြတော့လို့ စိတ်ဓာတ်တွေကြပြီး ငိုကြွေးပါသတဲ့” အို ဘုရားရေ ဘာလို့များငါ့အတွက် ဒီလောက်အခက်အခဲတွေကြုံရတာပါလိမ့်။ ငါမိတ်ဆွေလိုချင်တယ်၊ ဒါပေမဲ့ ဘယ်သူမှ ငါ့ဆီမလာကြတော့ဘူးနော်။အရင်က ငါရခဲ့ ငါပေးခဲ့တဲ့ ကြီးကျယ်မှု မြင့်မြတ်မှုတွေကို ဘာလို့ယူသွားတာလဲ” သစ်ပင်ကြီးဟာ အော်ငိုလိုက်တဲ့ ငိုသံဟာ တစ်တောလုံးမှာ ပဲ့တင်ထပ်သွားပါတယ်တဲ့။ “ငါ့ကို ဘာလို့ ခုတ်လှဲမပစ်ကြတာလဲ ၊ ငါဒီလိုထပ်ပြီးမခံစားနိုင်တော့ဘူး” သစ်ပင်ကြီးဟာ ထပ်ကာထပ်ကာငိုနေပါတော့တယ်။ သူ့ရဲ့ခြောက်သွေ့စပြုနေတဲ့ပင်စည်ကြီးကနေမျက်ရည်တွေ တွေတွေစီးကြလာတဲ့အထိပေါ့။
ရာသီတွေလည်းပြောင်းသွားခဲ့ပါတယ်။သစ်ပင်ကြီးရဲ့အခြေအနေကတော့ပြောင်းမသွားခဲ့ပါဘူး။သစ်ပင်ကြီးဟာ အထီးကျန်မှုတွေကို ခံစားနေရဆဲပါပဲ။သူ့ရဲ့ အကိုင်းတွေဟာလဲ ပိုပိုပြီးခြောက်သွေ့လာပါတော့တယ်။ညတိုင်းညတိုင်းပဲ မိုးလင်းတဲ့အထိ သစ်ပင်ကြီးဟာ ငိုကြွေးပြီးနေပါသတဲ့။ဒီလိုနဲ့ တစ်နေ့မှာတော့
“တောက်…တောက်…တောက်” အို….ဘာသံပါလိမ့်။ ချစ်စရာကောင်းတဲ့ငှက်ကလေးတစ်ကောင်ကသူ့ပင်စည်ကိုနုတ်သီးနဲ့ခေါက်နေတဲ့အသံကြောင့် သစ်ပင်အိုကြီးဟာ ငေါင်နေရာကနေ သတိလည်လာပါတယ်။ “တောက်…တောက်…တောက်” အသံက ပိုပိုကျယ်လာပါတယ်။ အခြားငှက်တွေလည်းရောက်လာပါတယ်။သိပ်မကြာတဲ့ကာလအတွင်းမှာပဲ သစ်ပင်အိုကြီးဟာ ကျေးငှက်သံတွေနဲ့ ညံစီလာပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငှက်ကလေးတွေ အကောင်ပေါက်လာကြလို့ပါ။” ၁ ကောင် ၂ ကောင် …..၄ ကောင် “ အို ဘုရားသခင်ဟာ ငါ့အသံကို ကြားပြီး ကောင်းချီးပေးလိုက်တာပဲလို့ သစ်ပင်ကြီးက ကြွေးကြော်လိုက်ပါတယ်။
ရက်တွေကြာလာတဲ့အခါမှာတော့ သစ်ပင်ကြီးဟာ ငှက်ပေါင်းများစွာနဲ့ စည်ကားလာပြန်ပါတယ်။ အခြားသောငှက်တွေကလည်း သူ့အကိုင်းတွေမှာ အပေါက်တွေဖောက်ပြီး လာရောက်နေထိုင်ကြပါတယ်။ “ဝိုး…အခုတော့  သူတို့နဲ့အတူ ငါရဲ့နေ့ရက်တွေ တောက်ပလာပါပေါ့လား” သစ်ပင်ကြီးကရေရွတ်လိုက်ပါတယ်။
သစ်ပင်ကြီးဟာ ပြန်ပြီးပျော်ရွှင်လာပြန်ပါတယ်။ သူအောက်ကိုငုံ့ကြည့်လိုက်တဲ့အခါမှာ သူ့နှစ်လုံးသားတွေ လွင့်စင်ပေါက်ကွဲထွက်သွားမတတ် သူပျော်ရွှင်သွားရပြန်ပါတယ်။ သူ့အမြစ်ကနေ သစ်ပင်ပျိုလေးတစ်ပင် ပေါက်နေတာကိုလည်း သတိထားမိသွားလို့ပါ။ သစ်ပင်ပျိုလေးက သစ်ပင်အိုကြီးကို ပြုံးပြလိုက်ပါတယ်။ သစ်ပင်အိုကြီးကလည်း ပြန်ပြုံးပြပြီး ကြုံးဝါးလိုက်ပါတယ်တဲ့။ နောက်ဆုံးတော့ ငါဟာ”ငါ့အမွေကိုဆက်ခံပြီး သဘာဝလောကကြီးကို အကျိုးကိုသယ်ပိုးမဲ့ သစ်ပင်ပျိုလေးတစ်ပင်ကို ငါ့မျက်ရည်တွေကနေ ငါဖန်တီးပေးလိုက်နိူင်ပြီလေ”။
လေးစားလျှက်
စိန်မျိုးလွင်

Comments